FA-020. အသံအားကိုးမည့် Mobile Internet
ခေတ်က information ခေတ်၊ သတင်းအချက်အလက်တို့ကို
အချိန်နှင့် တစ်ပြေးညီ သိမှ ခေတ်ကို တစ်ပြေးညီ လိုက်နိုင်မည်။ ထိုကိစ္စ အတွက်လည်း အင်တာနက်က
အဆင်သင့် ရှိနေသည်။ အင်တာနက်ကို မိမိရရ သုံးချင်လျှင် ကွန်ပျူတာ လိုအပ်သည်။ ကွန်ပျူတာ
သုံးပြီဆိုလျှင် ကွန်ပျူတာ နည်းပညာကိုပါ သိဖို့ လိုအပ်လာသည်။ သို့သော် ကမ္ဘာ့ဖွံ့ဖြိုးဆဲ
နိုင်ငံ အတော်များများတွင် သေစာရှင်စာကိုပင် မရေးတတ်၊ မဖတ်တတ်သူ အတော်များများ ရှိနေသည်။
ထိုသူတို့အတွက်မူ ကွန်ပျူတာသည် လည်းကောင်း၊ အင်တာနက်သည် လည်းကောင်း အသုံးမဝင်ပါ။ ယခုမူ
ခေတ်က ပြောင်းလာသည်။ မိုဘိုင်းဖုန်းသည် ကမ္ဘာ့နိုင်ငံ အများစုတွင် နေရာယူလာသည်။ ဖုန်းသည်
စကားပြောရုံ သက်သက် မဟုတ်။ data တို့ကို သယ်ဆောင် လွှဲပြောင်းနိုင်သော အစွမ်း ရှိလာသည်။
မိုဘိုင်းဖုန်းပေါ်မှနေ၍ အင်တာနက်
အသွားအလာ လုပ်နိုင်သည်။ ထိုသို့ဆိုလျှင် အဆင်ပြေပြီဟု ထင်ရသည်။ ထင်သာထင် မဝင်ဘူး ကျောင်းအမ
ဟုသာ ဆိုရတော့မည်။ မိုဘိုင်းဖုန်း ကိုင်သူတိုင်းလည်း စာမတတ်ပါ။ သုညမှ ကိုးအထိ ဂဏန်းများကို
သင်ပေးလျှင် သုံးတတ်သည်။ စာမတတ်သူတို့အတွက် မိုဘိုင်း အင်တာနက်သည်ပင်လျှင် အသုံးမဝင်သေး။
ထိုသူတို့အတွက် အသုံးဝင်စေမည့် စနစ်တစ်ရပ်ကား ရှိသည်။ ယင်းမှာ အသံကို အသုံးပြုနိုင်မည့်
စနစ်ဖြစ်သည်။ သို့ဖြစ်ရာ IBM သည် စာမရေးတတ်၊ မဖတ်တတ်သူတို့အတွက် အသံကို အသုံးပြုပြီး
အင်တာနက် အသုံးပြုနိုင်မည့် နည်းလမ်းကို ကြံဆလာပါသည်။ ထိုနည်းပညာကို voice based
web ဟု ခေါ်ပါသည်။ အသံကို အသုံးပြုမည့် အင်တာနက်ဆက်သွယ်ရေးကို စတင်သည့် နေရာမှာ အိန္ဒိယနိုင်ငံ
ဖြစ်ပါသည်။ IBM သည် သူ၏ India Research Lab (IRB) ရုံးခွဲကို အသုံးပြု၍ ထိုစနစ်ကို
စမ်းသပ်နေသည်။ ဖွံ့ဖြိုးပြီး အဆင့်ကို မရောက်တရောက် ဖြစ်နေသည်။ အိန္ဒိယို နိုင်ငံမျိုးတွင်
မိုဘိုင်းဖုန်း သုံးစွဲမှုမှာ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာသောကြောင့် ဖြစ်ပါသည်။
ယနေ့ ကမ္ဘာကိုကြည့်လျှင် ပြည်သူလူထုအတွင်း
အင်တာနက် အသုံးပြုရေးအတွက် PC ၏ ထိုးဖောက်နိုင်မှုမှာ မိုဘိုင်းဖုန်းကို မမီပါ။ နည်းပညာ
ရှုပ်ထွေးပြီး ဈေးကြီးသော PC ကို လူတိုင်း ဝယ်မကိုင်နိုင်ပါ။ ဈေးသက်သာပြီး သွားလေရာပါသော
မိုဘိုင်းဖနုးကသာ အင်တာနက် သုံးဖို့ အဓိပ္ပာယ်ပို၍ ပြည်ဝသည်။ ထို့ကြောင့် PC ပေါ်တွင်
သုံးသော Web browser သည် မိုဘိုင်းဖုန်းပေါ်တွင်လည်း အပြည့်အဝ အလုပ်လုပ်နိုင်ရန် လိုအပ်လာသည်။
လက်တွေ့တွင် mobile web browser အတော်များများသည်
PC ပေါ်က browser လို Tab များကို
ဘေးချင်းယှဉ်ပြီး မသုံးနိုင်သေး။ မြင်ကွင်းသေးသေးဖြင့် စခဲ့ရသော မိုဘိုင်းဖုန်းတို့တွင်
browser ကို အဆင်ပြေပြေ သုံးနိုင်ရန် Tab များကို ထပ်ထားရသောကြောင့် ဖြစ်သည်။ ထို့ပြင်
mobile web browser အများစုသည် အင်တာနက်ပေါ်မှ web page များကို မသိမ်းဆည်းနိုင်ပါ။
storage အရွယ်အစား သေးသေးဖြင့်
စတင်ခဲ့ရသော မိုဘိုင်းဖုန်းများအတွက် ထိုအရည်အသွေးကို ချန်လှပ်ထားခဲ့ရခြင်း ဖြစ်သည်။
Spoken web ဟု ခေါ်သော Voice-based web ဟုလည်း ခေါ်သော ဤနည်းပညာသည် ဒေသခံ ပြည်သူများအား
အသံဖြင့် အင်တာနက် သုံးစွဲစေနိုင်ရုံမျှသာ မကသေး။ သူတို့ဘာသာ အင်တာနက် Content များ
ဖြည့်သွင်းခြင်း၊ ကိုယ်ပိုင် Website များ တည်ဆောက်ခြင်းတို့ကိုလည်း အသံဖြင့် ပြုလုပ်စေနိုင်ပါဦးမည်။
အရောင်းအဝယ်ကို အားပြုမည့် e-commerce site များကို အသံကို အားပြုပြီး အမေးအဖြေ ပြုနိုင်ခြင်း
(interactive) သည် စိုက်ပျိုးရေး လုပ်ကိုင်နေသော အိန္ဒိယ လယ်သမားတို့အတွက် ဝမ်းသာဖွယ်
မဟုတ်ပါလော။
လောလောဆယ်တွင် အသံဖြင့် အလုပ်လုပ်မည့်
အင်တာနက်အတွက် စမ်းသပ်နေသည့် ကွန်ပျူတာ ဘာသာစကား နှစ်မျိုးမှာ Voice XML (Voice
extensible Markup Language) နှင့် HSTP (Hyper Speech Transfer Protocol) တို့ ဖြစ်ပါသည်။
Spoken Web သည် www ဖြင့် စသော အင်တာနက် ကမ္ဘာထဲတွင် Mirror site တစ်ခုအနေဖြင့် တည်ရှိနေပါမည်။
သို့သော internet network အပေါ်တွင် အခြေပြုမည် မဟုတ်ဘဲ Telecom network ပေါ်တွင် အခြေပြုပါလိမ့်မည်။Spoken
web ကို အသုံးပြုသူတို့သည် သီးခြား URL (uniform resource locator) ဖြင့် ရှိနေသော
Voice site များကို ဖွင့်ကြည့်နိုင်ပါမည်။ အဆိုပါ Site မျိုးကိုလည်း ဖန်တီးနိုင်ပါမည်။
အင်တာနက်ပေါ်နေ၍ ငွေကြေး လွှဲပြောင်းမှုများလည်း ပြုလုပ်နိုင်ပါလိမ့်မည်။
အသံဖြင့် ဖန်တီးသော အင်တာနက် နယ်မြေကို
world wide telecom web ဟုခေါ်ပါသည်။ ယင်း website တို့ကို အသုံးပြုရန်အတွက် ဖုန်းဆက်ခမပေးရဘဲ
အင်တာနက် အသုံးပြုခသာ ပေးရသည့် ဖုန်းနံပါတ် (toll-free) number တစ်ခု ရရှိပါမည်။ အသံကို
မှတ်သားသိရှိသည့် စနစ်ဖြင့်သော် လည်းကောင်း၊ ဖုန်း၏ dial tone ကို အသုံးပြုသည့် စနစ်ဖြင့်သော်လည်းကောင်း၊
အဆိုပါ website များကို အသုံးပြုနိုင်ပါမည်။ serverside ပေါ်တွင် တင်ပေးထားသော
Template များကို အသုံးပြု၍ မိုဘိုင်းဖုန်း သုံးစွဲသူသည် voice site များကို ဖန်တီးနိုင်ပါသေးသည်။
Voicesite များသည် world wide web ဖြင့် ချိတ်ဆက်ထားပါသည်။
သို့သော် world wide web ပေါ်တွင်ရှိသော
site များကို ကြည့်နိုင်ရန် ကိစ္စမှာမူ ယင်းတို့သည် spoken interface ကို အထောက်အပံ့ပြုသည့်
အနေအထားသို့ ပြောင်းလဲထားရပါသည်။ သို့တည်းမဟုတ် Voice XML ကိုလည်း အသုံးပြုနိုင်သည်။
အိန္ဒိယနိုင်ငံရှိ IBM LAB သည် information ရယူလိုသော user များမှနေ၍ ငွေအလွှဲအပြောင်း
လုပ်လိုသော user များအထိ အဆင်ပြေစေမည့် spoken web ကို တည်ထောင်နိုင်ရန် စိတ်အားထက်သန်နေပါသည်။
မျှော်မှန်းထားသည့်အတိုင်း ဖြစ်လာခဲ့လျှင် လယ်သမားတို့သည် သူတို့၏ ထုတ်ကုန်များအတွက်
အကောင်းဆုံးဈေးနှုန်း ရရှိမည့် ဈေးကွက်ကို ရှာနိုင်ပါလိမ့်မည်။ တံငါတို့သည် ပင်လယ်ပြင်သို့
မထွက်မီ ရာသီဥတု အခြေအနေကို သိနိုင်ပါလိမ့်မည်။ ကုန်စုံဆိုင်တို့သည် ဆိုင်တွင်တင်ရောင်းသော
ပစ္စည်းများနှင့် ယင်းတို့၏ ဈေးနှုန်းကို ပြသနိုင်ပါလိမ့်မည်။
ကုန်ပစ္စည်း ထုတ်လုပ်သူတို့သည်
မိမိတို့၏ ထုတ်ကုန်နှင့် ပက်သက်လာဖွယ်ရှိသော လူတစ်ဦးချင်းစီသို့ သက်ဆိုင်ရာ ကြော်ငြာမျာ
ပို့နိုင်ပါလိမ့်မည်။ Spoken Web ကို အိန္ဒိယနိုင်ငံ တစ်နိုင်ငံတည်းတွင်သာ ကြိုးပမ်းနေသည်
မဟုတ်ပါ။ အာဖရိကတိုက်ရှိ မာလီနိုင်ငံကို အခြေပြုလျက် အာဖရှိက အနောက်ခြမ်း နိုင်ငံအားလုံး
အသုံးပြုရန် ဆောင်ရွက်လျက် ရှိပါသည်။ ထို Project အတွက် အထောက်အပံ့ ပေးသူမှာ
European Commission ဖြစ်ပါသည်။ အဆိုပါ စီမံကိန်းကို Voices ဟုခေါ်ပါသည်။ လောလောဆယ်တွင်
အာဖရိက လယ်သမားများ information ရယူရန်အတွက် လည်းကောင်း၊ citizen Journalist များအတွက်
platform တစ်ခုအနေဖြင့် လည်းကောင်း၊ စမ်းသပ်အသုံးပြုလျက် ရှိပါသည်။ Voices စနစ်တွင်လည်း
ပရိုဂရမ် ဘာသာစကားအဖြစ် Voice XML ကို အသုံးပြုပါသည်။ Web content များကို အသံဖြင့်
ရှာဖွေအသုံးပြုနိုင်စေမည့် စနစ်ဖြစ်ပါသည်။
မာလီသားတို့ အနေဖြင့် အသံဖြင့်
အင်တာနက်ထဲဝင်ခြင်း၊ လှည့်ပတ်သွားလာခြင်း၊ ရွေးချယ်ပိုင်ခွင့်များကို အသံဖြင့် နားထောင်အသုံးပြုခြင်း
စသည်တို့ကို ပြုလုပ်နိုင်ကြပါပြီ။ Voices ကို စတင်အသုံးပြုသော ဌာနတစ်ခုမှာ အယ်ဂျာဇီးယား
သတင်းဌာနဖြစ်ပါသည်။ လွန်ခဲ့သည့် နှစ်ကုန်ပိုင်းက ကင်ညာနှင့် ဂါနာနိုင်ငံများတွင် ပြုလုပ်ခဲ့သော
ရွေးကောက်ပွဲများဖြင့် ပက်သက်ပြီး အောက်ခြေ လူတန်းစားတို့၏ အမြင်ကို အင်တာဗျူးလုပ်ရာ၌
အသုံးပြုခဲ့ခြင်း ဖြစ်ပါသည်။ ထိုသို့ အသုံးပြုနိုင်ရန် မိုဘိုင်းဖုန်း ဝန်ဆောင်မှုပေးသည့်
Safaricom က အကူအညီ ပေးခဲ့ပါသည်။ အသံဖြင့် သုံးနိုင်သည့် မိုဘိုင်းအင်တာနက် စနစ်ကြောင့်
အာဖရိက တိုက်သားတို့သည် သတင်းဌာနများနှင့် ဆက်သွယ်၍ သူတို့အမြင်၊ သူတို့ရသည့် သတင်းကို
ပြောနိုင်သည်။ အချိန်နှင့် တစ်ပြေးညီ News update များကို သိနိုင်ပါသည်။ ထို့ပြင် အသံဖြင့်
အသုံးပြုနိုင်သည့် Twitter စနစ် တစ်မျိုးဖြစ်သော Tabal ဟူသော စနစ်တစ်ရပ်သည်လည်း အာဖရိကတိုက်တွင်
၂၀၁၂ ခုနှစ်၊ နှစ်ကုန်ပိုင်း၌ ပေါ်ထွက်လာခဲ့ပါသည်။
Voices သည် ယခုအခါတွင် အာဖရိကတိုက်၏
အမေ့လျော့ခံဖြစ်သော အောက်ခြေလူတန်းစား မိန်းမသားတို့အား ဦးတည်ချက်ထားပြီး အလုပ်လုပ်လျက်
ရှိပါသည်။ အင်တာနက်ကို အသံဖြင့် အသုံးပြုလာနိုင်သည့်အတွက် ပျားမွေးသော အာဖရိကသားသည်
ဈေးကွက် ချဲ့ထွင်လာနိုင်သည်။ ယခင်က ပျားအုံအနည်းငယ်သာ မွေးသော်လည်း ယခုအခါတွင် ပျားအုံထောင်ချီ
မွေးလာပြီး၊ စီးပွားဖြစ်လာသည်။ အင်တာနက်မှတစ်ဆင့် ပျားရည်ဈေးကောင်း ရသောကြောင့် ဖြစ်သည်။
အာဖရိကတိုက်၏ စားသောက်ဖွယ်ရာ ၇၀ ရာခိုင်နှုန်းကို ထုတ်လုပ်နေသော အမျိုးသမီးတို့သည်လည်း
များမကြာမီတွင် ယင်းသို့ပင် အကျိုးဖြစ်ထွန်းလာဖွယ် ရှိပါသည်။ အသံအင်တာနက်စနစ် ဖွံ့ဖြိုးလာစေရန်အတွက်
world wide web foundation ရှိ အင်ဂျင်နီယာများသည် vociesite များ၏ Index ဖွဲ့စည်းလာ၌
ဝိုင်းဝန်ကူညီလျက် ရှိပါသည်။
အသံဖြင့် သုံးရသည့် website များသည်
မိုဘိုင်းဖုန်း ဝန်ဆောင်မှု ပေးရာဌာန၏ server ငယ်များထဲတွင် တည်ရှိနေပါသည်။ သို့ဖြစ်၍
မိုဘိုင်းဖုန်း အသုံးပြုသူသည် အင်တာနက်ကို အလွယ်တကူ ချိတ်စရာမလိုဘဲ လက်ထဲရှိ မိုဘိုင်းဖုန်းကိုသုံး၍
vociesite များကို ချိတ်ဆက် အသုံးပြုစေနိုင်ပါသည်။ ဤစနစ်သည် ကမ္ဘာတစ်လွှားရှိ စာမတတ်သော
ပေါများသော နိုင်ငံများအတွက် အကျိုးရှိပါလိမ့်မည်။ သို့သော် စီးပွားရေး လုပ်ငန်းကြီးများ၊
အကျိုးအမြတ်ယူသော အဖွဲ့အစည်းများ ပါဝင်လာမှသာ ဘဏ္ဍာရေးကိစ္စအတွက် အဆင်ပြေပါလိမ့်မည်။ အိန္ဒိယနိုင်ငံကဲ့သို့
ဟင်ဒီဘာသာ စကားပြောသူ သန်းတစ်ထောင်ခန့် ရှိနေသော နိုင်ငံမျိုးတွင် ဤစနစ်ကို စီးပွားဖြစ်
ထည်ထောင်ရန် ခက်ခဲမည်မဟုတ်ပါ။ သို့သော် ဘာသာစကားမျိုးစုံ ပြောသည့် နိုင်ငံများ၊ ဘာသာစကား
တစ်မျိုးတည်း သုံးသော်လည်း မိုဘိုင်းဖုန်း သုံးစွဲသူဦးရေ နည်းသည့်နိုင်ငံများတွင်
ဤစနစ်သုံးစွဲရန် အခက်အခဲ ရှိနေပါဦးမည်။ ကုလသမဂ္ဂ အပါအဝင် စေတနာရှင် အဖွဲ့အစည်းများက
ဝိုင်းဝန်းကူညီမှသာ အောင်မြင်ပါလိမ့်မည်။
Comments
Post a Comment